Flash Player

Vimeo ကဲ့သို့ ဗီဒီယို ဝက်ဘ်ဆိုက်များသည် ဗီဒီယို အကြောင်းအရာကို ပြသရန် Flash Player ချိတ်ဆက်ပရိုဂရမ်ကို အသုံးပြုကြသည်။ သို့ရာတွင် ဤဆော့ဝဲသည် Tor ဘရောက်ဇာ မပါဘဲ သီးခြားလည်ပတ်ပြီး Tor ဘရောက်ဇာ၏ ပရောက်စီ ဆက်တင်များနှင့် ကိုက်ညီအောင် အလွယ်တကူ ပြုလုပ်၍မရပါ။ ထို့ကြောင့် သင့်တည်နေရာ အစစ်အမှန်နှင့် IP လိပ်စာကို ဝက်ဘ်ဆိုက် ကိုင်တွယ်သူများ သို့မဟုတ် ပြင်ပမှ စောင့်ကြည့်သူက သိသွားနိုင်သည်။ သို့ဖြစ်ရာ Tor ဘရောက်ဇာတွင် Flash ကို ပုံသေ ပယ်ဖျက်ထားပြီး ၎င်းကို ဖွင့်ရန် အကြံမပြုပါ။

ဗီဒီယို ဝက်ဘ်ဆိုက်အချို့ (ဥပမာ - YouTube) တွင် Flash အသုံးမပြုသော ဗီဒီယို ပေးပို့သည့် နည်းလမ်းများကို ရွေးချယ်နိုင်သည်။ ဤနည်းလမ်းများသည် Tor ဘရောက်ဇာနှင့် ကိုက်ညီနိုင်သည်။

Javascript

JavaScript ဆိုသည်မှာ ဝက်ဘ်ဆိုက်များက ဗီဒီယို၊ လှုပ်ရှားရုပ်ပုံ၊ အသံနှင့် အခြေအနေပြ အချိန်လိုက်မှတ်တမ်းများကဲ့သို့ အပြန်အလှန်ဆက်သွယ်မှုရှိသော အစိတ်အပိုင်းများဖြင့် ပံ့ပိုးရန် အသုံးပြုသည့် အစီအစဉ်ရေးဆွဲ (programming) သော ဘာသာစကား ဖြစ်သည်။ သို့ရာတွင် JavaScript သည် ဘရောက်ဇာ၏ လုံခြုံရေးကို တိုက်ခိုက်မှုများအား ခွင့်ပြုနိုင်သဖြင့် အမည်သိရှိစေနိုင်ပါသည်။

Tor ဘရောက်ဇာတွင် NoScript ဟုခေါ်သော ဖြည့်စွက်ဆော့ဝဲ ပါဝင်သည်။ ၎င်းကို အသုံးပြုရန် ဟမ်ဘာဂါမီနူး (≡) ရှိ "အလေးပေး ရွေးချယ်မှု" (သို့မဟုတ် Windows တွင် "ရွေးချယ်မှုများ") သို့ သွားပါ၊ ပြီးလျှင် 'ဖန်တီးပြုပြင်ရန်' ကို ရွေးချယ်ပြီး “S” အိုင်ကွန်ကို ဝင်းဒိုး၏ ညာဘက်ထိပ်သို့ ဆွဲယူပါ။ NoScript ကို အသုံးပြု၍ ဝက်ဘ်စာမျက်နှာတစ်ခုစီတွင် လည်ပတ်နေသော JavaScript (နှင့် အခြားရိုးရိုးပရိုဂရမ်များ) ကို ထိန်းချုပ်နိုင်သည် သို့မဟုတ် လုံးဝ ဘလော့နိုင်သည်။

အင်တာနက်တွင် ရှာဖွေရာ၌ လုံခြုံရေးမြင့်ရန် လိုအပ်သော အသုံးပြုသူများသည် Tor ဘရောက်ဇာ၏ လုံခြုံရေးအဆင့် ကို "ပိုလုံခြုံ" (HTTPS မဟုတ်သည့် ဝက်ဘ်ဆိုက်များတွင် JavaScript ကို ပယ်ဖျက်သည်) သို့မဟုတ် "အလုံခြုံဆုံး" (ဝက်ဘ်ဆိုက်အားလုံးအတွက် JavaScript ကို ပယ်ဖျက်သည်) အဖြစ် သတ်မှတ်ထားသင့်သည်။ သို့သော် JavaScript ကို ပယ်ဖျက်ခြင်းကြောင့် ဝက်ဘ်ဆိုက်အများအပြားသည် မှန်မှန်ကန်ကန် မပြသဘဲ ဖြစ်နိုင်သည်။ ထို့ကြောင့် Tor ဘရောက်ဇာ၏ နဂိုမူလ ဆက်တင်မှာ ဝက်ဘ်ဆိုက်အားလုံးအား ရိုးရိုးပရိုဂရမ်များကို "စံချိန်မီ" မုဒ်ဖြင့် လည်ပတ်စေရန် ဖြစ်သည်။

ဘရောက်ဇာ ဖြည့်စွက်ဆော့ဝဲများ

Tor ဘရောက်ဇာကို Firefox ပေါ်တွင် အခြေခံထားသည်။ ထို့ကြောင့် Firefox နှင့် လိုက်လျောညီထွေရှိသော ဖြည့်စွက်ဆော့ဝဲများ သို့မဟုတ် အကြောင်းအရာများကို Tor ဘရောက်ဇာတွင် တပ်ဆင်နိုင်သည်။

သို့ရာတွင် Tor ဘရောက်ဇာနှင့် တွဲသုံးရန် စမ်းသပ်ပြီးသော ဖြည့်စွက်ဆော့ဝဲများမှာ ပုံသေ ပါထားပြီး ဖြစ်သည်။ အခြား ဘရောက်ဇာ ဖြည့်စွက်ဆော့ဝဲများကို တပ်ဆင်ပါက Tor ဘရောက်ဇာ၏ လုပ်ဆောင်နိုင်စွမ်းကို ပျက်စီးစေနိုင်သည် သို့မဟုတ် သင့်ကိုယ်ရေးလုံခြုံမှုနှင့် လုံခြုံရေးကို ထိခိုက်သော ပိုမိုအန္တရာယ်ရှိသည့် ပြဿနာများ ဖြစ်စေနိုင်သည်။ ထပ်ဆောင်း ဖြည့်စွက်ဆော့ဝဲများကို မတပ်ဆင်ဖို့ လေးနက်စွာ တိုက်တွန်းပါသည်။ ထိုအစိတ်အပိုင်းဖွဲ့စည်းပုံများကို Tor Project က ပံ့ပိုးပေးမည်မဟုတ်ပါ။